Saturday, January 23, 2010

ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် (ပထမပိုင်း)

ကံသည်သာ မိမိကိုယ်ပိုင် ဥစ္စာဖြစ်သည်ဟု

မဖေါက်မပြန် မှန်ကန်စွာ မြင်ခြင်း၊ ယူခြင်း။

ရေးသားသူ။ ။ ဦးဝင်းဖေ (မန္တလေး)။
ရေးသားပြီးရက်စွဲ။ ။၂၉ - ၅ - ၁၉၉၄။

ကံ နှင့် ကံ၏ အကျိုး (ပထမပိုင်း)


(၁) ကံဆိုတဲ့ စကားဟာ ကမ္မ ဆိုတဲ့ ပါဠိဘာသာမှ ဆင်းသက်လာတဲ့ စကား ဖြစ်ပါတယ်။ ကမ္မသဒ္ဒါကို ပြည်ထောင်စုမြန်မာနိုင်ငံ ဗုဒ္ဓသာသနာအဖွဲ့ ၊ တိပိဋက ပါဠိ-မြန်မာအဘိဓာန်အတွဲ(၅) စာမျက်နှာ (၂၉၆) နှင့် (၂၉၇) မှာ ကမ္မကို (၀ါ) ကံကို အောက်ပါအတိုင်းဖော်ပြထားပါသည်။

၁။ ကမ္မ= ကုသိုလ်ကံ၊ အကုသိုလ်ကံ

၂။ ပရိကံ (သမထ၀ိပဿနာဘာဝနာစီးဖြန်းပွားများခြင်း)

၃။ အားထုတ်ခြင်း ၊ လုံ့လ

၎။ အမျှကိစ္စ ၊ အလုပ်

၅။ ကမ္မ၀ါစာ

၆။ ကမ္မကာရက

၇။ ကြိယာ

၈။ ပြုတတ်သော ဟူ၍ ပြဆိုထားပါတယ်။


(၂) အင်္ဂလန်တိုင်းပြည်၊ လန်ဒန်မြို့ရှိ တက္ကသိုလ်၊ ပါဠိနှင့်စာပေပါမောက္ခဖြစ်သူ ROBERT CAFSTER CHILDERS ရေးသားပြုစုတဲ့ ပါဠိအဘိဓာန် DICTIONARY OF PALI LANGUAGE ထဲမှာ ကမ္မ (KAMMA) ကို စာမျက်နှာ (၁၇၇)မှာ

1. DOING

2. ACTION

3. WORK

4. LABOUR

5. BUSINESS

6. DEEP

7. ACT

8. OPERATION

လို့အစရှိသည်အားဖြင့်ဘာသာပြန်ထားပါသည်။


(၃) ယခုတင်ပြရန် ရည်ရွယ်ထားတာက ကံနှင့်ကံ၏အကျိုးကို တင်ပြရန် ရည်ရွယ်ထားတဲ့အတွက် လိုရင်းအနှစ်သာရကိုပဲ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။


(၄) လယ်တီဆရာတော်ဘုရားကြီးရဲ့ အလိုတော်အားဖြင့် အန္ဓပုထုဇဉ်သတ္တ၀ါတွေဟာ အမှောင်ကြီးငါးပါး ဖုံးလွှမ်းခံနေရတယ်လို့ ဆုံးမထားတော်မူပါတယ်။ (ဆရာတော်ဘုရားကြီး ရေးသားတော်မူသော အလင်းကျမ်းကြီးကို အကိုးအကားပြုပါသည်။)


(၅) အန္ဓပုထုဇဉ် သတ္တ၀ါတွေကို ဖုံးလွှမ်းနေတဲ့ အမှောင်ကြီးငါးပါးဆိုတာ -

၁။ ကမ္မ သမ္မောဟအမိုက်မှောင်

၂။ ဓမ္မ သမ္မောဟအမိုက်မှောင်

၃။ ပစ္စယ သမ္မောဟအမိုက်မှောင်

၎။ လက္ခဏ သမ္မောဟအမိုက်မှောင်

၅။ နိဗ္ဗာန သမ္မောဟအမိုက်မှောင်…….ဟူ၍အမှောင်ကြီးငါးပါးကို ပြတော်မူထားပါတယ်။


(၆) ဒီအမှောင်ကြီးငါးပါးထဲမှာ ကံနှင့်ပတ်သက်တဲ့အမှောင် (မောဟ) ကို အဦးအစ ပြုတော်မူပြီး ပြသထား ပါတယ်။ ဒါကို ကမ္မသမ္မောဟ လို့ အမည် ပေးထားပါတယ်။


(၇) ကံဆိုတာ ပြုလုပ် အားထုတ်ခြင်းလို့  အဓိပ္ပါယ် ဖွင့်ထားတော့ အပြစ်ရှိပြီး၊ မကောင်းကျိုးကို ပေးတတ်တဲ့၊ ပြုလုပ်အားထုတ်တဲ့ အမှူ ကို အကုသိုလ်ကံလို့  အမည်ပေးပြီး ၊ အပြစ်ကင်းပြီး ကောင်းသောအကျိုးကို ပေးတတ်တဲ့ ပြုတတ်တဲ့ အမှူ ကို ကုသိုလ်ကံလို့  အမည်ပေးထားပါတယ်။


(၈) ဗုဒ္ဓဘာသာ ၀င်တို့ ဟာ ကံနှင့်ကံ၏ အကျိုးကို လက်ခံယုံကြည်ကြပါတယ်။ ဆိုလိုတာက အကြောင်းတစ်ခုပြုလျှင် ထိုအကြောင်းနှင့် ဆီလျော်တဲ့ အကျိုးသက်ရောက်တတ်တယ်။ မကောင်းမှု ပြုလျှင် မကောင်းကျိုး သက်ရောက်တတ်တယ်၊ ကောင်းမှူပြုလျှင် ကောင်းကျိုး သက်ရောက် တတ်တယ်။


(၉) ယနေ့  ခေတ်လူသား တွေဟာ များသောအားဖြင့် အကြောင်းအကျိုး (CAUSE AND EFFECT) ကို ယေဘုယျအားဖြင့် လက်ခံကြပါတယ်။ ဖြစ်ပေါ်ထင်ရှားတဲ့ အကျိုးတစ်ခုဟာ အကြောင်းရှိလို့ သာ လျှင်ဖြစ်ပေါ်ထင်ရှား တယ်လို့  ပြောရင်သူတို့  မငြင်းပါဘူး။ အကြောင်းမရှိဘဲ ဘာမျှမဖြစ်ပေါ် မထင်ရှားနိုင်ပါ။ (Nothing happens without cause)


(၁၀) ဖြစ်ပေါ်ထင်ရှားတဲ့ သဘောတစ်ခုရှိလျှင် ဒီဖြစ်ပေါ်ထင်ရှားတဲ့ သဘောဟာ ဒီလိုဖြစ်ပေါ်ထင်ရှား နိုင်အောင် ဆီလျော်တဲ့ကြောင်း အထောက်အပံ့ ရှိရပါတယ်။ အကြောင်းအကျိုးဖြစ်တဲ့ ကံနှင့်ကံ၏အကျိုး ဆိုတာ မည်သူမျှမလွန်ဆန်နိုင်တဲ့ နိယာမ ဥပဒေသ (UNIVERSAL LAW) တစ်ခုပါ။


(၁၁) ကံ နှင့်ကံ၏ အကျိုးကို ဘုရားရှင်ကိုယ်တော်တိုင် ဥပရိပဏ္ဏာသ ပါဠိတော် စူဠကမ္မ၀ိဘင်္ဂ သုတ်တော်ထဲမှာ အထင်အရှား ဟောပြဆုံးမ တော်မူပါတယ်။ ဒီသုတ္တန်မှာ မြတ်စွာဘုရားကိုယ်တော် မြတ်ကြီးအား တောဒေယျ ပုဏ္ဏား၏သား ဖြစ်သူ သုဘလုလင်က အမေးပြဿနာများ ကို လျှောက် တင်မေးမြန်းပါတယ်။


(၁၂) အမေးပြဿနာများမှာ -

၁။ ။အသျှင်၊ လူဖြစ်ကုန် သောသူတို့ မှာ လူအချင်းချင်းဖြစ်ကုန်ကြလျက် ယုတ်ခြင်း၊ မြတ်ခြင်းများ ကို တွေ့ မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။

၂။ ။အသက်တိုသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ အသက်ရှည် သောသူတို့  ကိုတွေ့ မြင်ရ ပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။

၃။ ။အနာရောဂါများသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ အနာရောဂါကင်းသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။

၎။ ။အဆင်းမလှသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ အဆင်းလှသော လူတို့ ကိုလည်းတွေ မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။

၅။ ။အခြံအရံမရှိသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ အခြံအရံများသော လူတို့ ကို လည်း တွေ့ မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။

၆။ ။စည်းစိမ်ဥစ္စာနည်းသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ စည်းစိမ်ဥစ္စာများသော လူတို့ ကိုလည်း တွေ့ မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။

၇။ ။အမျိုးယုတ်သော လူတို့ ကို တွေ့ မြင်ရပါကုန်၏။ အမျိုးမြတ်သော လူတို့ ကို တွေ့ မြင် ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။


(၁၃) အထက်ပါ အမေးပြဿနာ ခုနှစ်ချက်ကို မြတ်စွာဘုရားအား တောဒေယျ ပုဏ္ဏား၏သား သုဘ လုလင်က မေးမြန်းလျှောက်ထားတာကို ဥပရိပဏ္ဏသ ပါဠိတော်၊ စူဠကမ္မ ၀ိဘင်္ဂသုတ္တန်၊ မြန်မာပြန်စာ မျက်နှာ (၂၄၆) တွင် တွေ့ ရပါသည်။


(၁၄) မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက သုဘလုလင်ကို အောက်ပါအတိုင်း ဆုံးမတော် မူပါသည်။

လုလင် -

၁။ သတ္တ၀ါတို့ သည် ကံသာလျင် မိမိဥစ္စာရှိကုန်၏။ (ကမ္မဿကာ)

၂။ သတ္တ၀ါတို့ သည် ကံ၏အမွေခံတို့ ဖြစ်ကုန်၏။ (ကမ္မဒါယဒါ)

၃။ ကံသာလျင် အကြောင်းရင်းရှိကုန်၏။ (ကမ္မယောနိ)

၎။ ကံသာလျင် ဆွေမျိုးရှိကုန်၏။ (ကမ္မဗန္ဓူ)

၅။ ကံသာလျင် မှီခိုရာရှိကုန်၏။ (ကမ္မပ္ပဋိသရဏာ)

အယုတ်အမြတ်ဖြစ်ခြင်းငှာ သတ္တ၀ါတို့ ကိုကံသာလျင် ဝေဖန်၏ဟု မိန့် တော်မူ၏။


(၁၅) သုဘလုလင်က နားမလည်၊ သဘောမပေါက်တဲ့ အတွက် ထပ်မံလျှောက်ထားရာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆက်လက်ပြီး အကျယ်အားဖြင့် ဆုံးမတော်မူပါတယ်။

“လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ အချို့ သောသူတို့ သည် အသက်ကို သတ်လေ့ရှိ၏။ ကြမ်းကြုတ်၏။ သွေးစွန်းသော လက်ရှိ၏။ သတ်ပုတ်ညှင်းဆဲမှူ၌ စိတ်ဝင်စား၏။ အလုံးစုံသော သတ္တ၀ါတို့ ၌ သနားခြင်းကင်းမဲ့၏။ ထိုအသက်ကိုသတ်လေ့ရှိသော သူသည် ဤသို့  ပြည့်စုံသော၊ ဤသို့ မှားယွင်း တည်ဆောက်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည် နောက်၌ ချမ်းသာကင်းရာ၊ မကောင်းသောလားရာ၊ ဖရိုဖရဲကျရာ၊ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျင် ထိုသို့ ဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏။ လုလင် - ထိုအသက်ကို သတ်ခြင်း၊ သတ်ပုတ်ညှင်းဆဲမှူ၌ စိတ်ဝင်စားခြင်း၊ အလုံးစုံသော သတ္တ၀ါတို့ ၌ သနားခြင်းကင်းမဲ့ခြင်း သည် အသက်တိုခြင်းကို ဖြစ်စေတတ် သောအကျင့်တည်း..။”


(၁၆) အသက်တိုခြင်း၊ အသက်ရှည်ခြင်း နှင့် ပတ်သက်ပြီး ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူ သော တရားတော်ကို စာဖတ်သူများ နားလည်သဘောပေါက်စေရန် အသေးစိတ် ထည့်သွင်းဖေါ်ပြ လိုက်ပါတယ်။ ဥပရိပဏ္ဏာသ ပါဠိတော် ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ် (မြန်မာပြန်) စာမျက်နှာ (၂၄၆) မှာ ကြည့်ပါ။


(၁၇) အပိုဒ် (၁၄) နှင့် (၁၅) ကို အကျဉ်းအားဖြင့် ကောက်ချက်ချရလျင် သတ္တ၀ါတွေ အသက်တိုကြ သည်မှာ အသက်ကိုသတ် လေ့ရှိပြီး ကြမ်းကြုတ်၍ သွေးစွန်းသော လက်ရှိလျက် သတ်ပုတ်ညှင်းဆဲမှူ ၌ စိတ်ဝင်စားခဲ့သည့် အတွက်အသက်တိုရခြင်း ဖြစ်ပါသည်။ အသက်သတ်မှူကို ရှောင်ခဲ့တဲ့အတွက်၊ သတ္တ၀ါအပေါ်၌ သနားညှာတာလျက် သတ်ပုတ်ညှင်းဆဲမှူ၌ စိတ်မ၀င်စား ခဲ့တဲ့အတွက် အသက်ရှည် ကြတယ်။ ကျန်တဲ့ မေးခွန်းခြောက်ပါးရဲ့ အဖြေကို လည်း ဤကဲ့သို့  အကျဉ်းအားဖြင့် တင်ပြပါမယ်။


(၁၈) သတ္တ၀ါတွေ အနာရောဂါများရခြင်း၏ အကြောင်းမှာ လက်ဖြင့်၎င်း၊ ခဲဖြင့်၎င်း၊ တုတ်ဖြင့်၎င်း၊ လက်နက်ဖြင့်၎င်း၊ သတ္တ၀ါတို့ ကိုညှင်းဆဲလေ့ရှိခြင်း (၀ါ) ရှိခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။ အနာရောဂါ ကင်းခြင်း၏အကြောင်းမှာ သတ္တ၀ါတို့ ကို သနားညှာတာတတ်၍ ညှင်းဆဲမှူမှ ရှောင်ကြဉ်ခြင်း ကြောင့်ဖြစ်ပါတယ်။


(၁၉) သတ္တ၀ါတို့  အဆင်းမလှရခြင်း၏ အကြောင်းဟာ အမျက်ဒေါသကြီးခဲ့၊ ထွက်ခဲ့ပေါင်းများတဲ့ အတွက် အဆင်းမလှရခြင်းဖြစ်ပါတယ်။ အမျက်ဒေါသကြီုးခြင်း၊ ထွက်ခဲ့ခြင်းများ ကိုရှောင်ကြဉ်ခဲ့သူဟာ အဆင်းလှပါတယ်။


(၂၀) အခြံအရံနည်းခြင်း၊ အရိုအသ အလေးပြုမခံရခြင်း၏ အကြောင်းမှာ ငြူစူခြင်း၊ မနာလိုခြင် နှင့် ယှဉ်သော စိတ်ရှိခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ငြူစူခြင်း၊ မနာလိုခြင်း ကို အားမပေးဘဲ ရှောင်ကြဉ်ခဲ့လျင် အခြံအရံများခြင်း၊ ကြည်ညိုလေးစားခံရခြင်း အစရှိတဲ့ အကျိုးများ သက်ရောက်ပါ တယ်။


(၂၁) ပေးလှူခြင်း ကင်းမဲ့ခဲ့သော သူတို့ မှာ စည်းစိမ်ဥစ္စာနည်းပါးပြီး ပေးလှူခြင်းပြုခဲ့သူမှာ စည်းစိမ် ဥစ္စာပေါများပါတယ်။


(၂၂) ယုတ်ညံ့တဲ့အမျိုးမှာ ဖြစ်ရခြင်းဟာ ခက်ထန်ထောင်လွှားတဲ့ မာန်မာနရှိခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ခက်ထန်ထောင်လွှားတဲ့ မာန်မာန ကင်းခဲ့သောသူတို့ ဟာ မြတ်သောအမျိုး၌ ဖြစ်ရပါ တယ်။


(၂၃) အထက်က တင်ပြခဲ့တဲ့ ခုနှစ်ချက်ကို အကျဉ်းချုံးပြီး တင်ပြရလျင် -

၁။ အသက်သတ်တာ များခဲ့လျင် ယခုဘ၀၌ အသက်တိုတတ်သည်။ ယခုဘ၀၌ အသက်

သတ်တာများလျင် နောင်ဘ၀၌ အသက်တိုတတ်သည်။ ရှောင်ရှားခဲ့လျင် အသက်

ရှည်တတ်၏။

၂။ သတ္တ၀ါများကို နှိပ်စက်ညှင်းဆဲတာ များခဲ့လျင် ယခုဘ၀၌ အနာရောဂါများတတ်သည်။

နှိပ်စက်ညှင်းဆဲမှူကို ထိမ်းသိမ်းစောင့်စည်း၊ ရှောင်ရှားခဲ့လျင် ယခုဘ၀၌ အနာရောဂါကင်း

သည်။

၃။ အမျက်ဒေါသကြီး လေ့ရှိခဲ့သူဟာ အဆင်းမလှပါ။ အဆင်းလှသူများဟာ အမျက်ဒေါသကို

ရှောင်ရှား၊ စောင့်စည်းထိမ်းသိမ်း ခဲ့လို့ ဖြစ်ပါတယ်။

၎။ ငြူစူမှူ၊ မနာလိုမှူများ ခဲ့တဲ့သူဟာ အခြံအရံနည်းပါးပြီး အရိုအသေ အလေးအစားမခံရတဲ့

ဘ၀၌ ဖြစ်ရတတ်ပါတယ်။ ရှောင်ရှားကင်းမဲ့တဲ့ သူဟာ အခြံအရံများပြီး ချစ်ခင်ရိုသေ လေး

စားခြင်း ခံရပါတယ်။

၅။ ၀န်တိုပြီး နှမြောသဖြင့် ပေးလှူခြင်းကင်းမဲ့သူ ဟာဥစ္စာ စည်းစိမ်နည်းပါးပြီး၊ ဆင်းဆင်း ရဲရဲ

နေရတတ်ပါတယ်။ ပေးလှူခြင်း ဒါနနှင့် ပြည့်စုံခဲ့ သူဟာစည်းစိမ် ဥစ္စာပေါများပြီး ချမ်းချမ်း

သာသာ နေရတတ်ပါတယ်။


(၂၄) အထက်ပါအကြောင်းအရာ တွေကို ဖတ်ရှူလေ့လာရခြင်း အားဖြင့် “ဆိုင်ရာ အကြောင်းရှိလျင် လျော်သော အကျိုး သက်ရောက် တတ်သည်” ဆိုတဲ့ ကောက်ချက်တစ်ခုချနိုင်ပါတယ်။ ဒီကောက် ချက်ဟာ ကံနှင့် ပတ်သက်တဲ့ “နိယာမ ဥပဒေ” တစ်ခုရယ်လို့ တောင် သတ်မှတ်လိုက်ချင်တယ်။ (The principle of a cause resulting in an appropriate effect is an inexorable law of the universe) - အကြောင်းတစ်ခုရှိလျင် ဆီလျော်တဲ့ အကျိုးသက်ရောက်တတ်တဲ့ သဘောဟာ မည်သူမျှ မလွန်ဆန် နိုင်တဲ့ နိယာမဥပဒေသ ဖြစ်ပါတယ်။ ကောင်းကြောင်းသည် ကောင်းကျိုးသို့ သက်ရောက် စေတတ်ပါတယ်။ မကောင်းကြောင်းသည် မကောင်းကျိုးသို့ သက်ရောက်စေတတ်ပါတယ်။


(၂၅) အထက်က တင်ပြခဲ့တဲ့ မေးခွန်းတွေထဲမှာ နောက်ဆုံးမေးခွန်းက ပညာမဲ့ခြင်း နှင့် ပညာရှိခြင်း ဖြစ်ပါတယ်။ ဒါကို အကျဉ်းအားဖြင့် တင်ပြရလျင် ပညာကိုရလို၍ မေးမြန်းရှာဖွေ ဆည်းပူးခြင်း မပြုခဲ့ သူတို့ ဟာ သေသည်၏ အခြားမဲ့၌ ငရဲပြည်၌ ဖြစ်တတ်သည်။ အကယ်၍ ငရဲပြည်၌မဖြစ်ဘဲ လူပြန်ဖြစ်ခဲ့မူ လူ့ ဘ၀၌ ပညာမဲ့တတ်သည်။ မေးမြန်းရှာဖွေဆည်းပူးခဲ့ပါမူ လူ့ ဘ၀၌ ပညာရှိဖြစ် တတ်၏။


(၂၆) ယခုတင်ပြခဲ့တဲ့ မေးခွန်းခုနှစ်ချက်နှင့် အဖြေခုနှစ်ပါးကို မှတ်မိလွယ်အောင် ဇယားဖြင့် တင်ပြချင်ပါသေးတယ်။

၁။

အသက်တိုခြင်း

သတ္တ၀ါများကို မညှာမတာသတ်ဖြတ် ခဲ့ခြင်း။

အသက်ရှည်ခြင်း

သတ်ဖြတ်မှူကို သနားညှာတာသည့်အတွက် ရှောင်ကြဉ်ခြင်း။

၂။

အနာရောဂါများခြင်း

သတ္တ၀ါတို့ ကို ညှင်းပမ်းနှိပ်စက် ခဲ့ခြင်း။

အနာရောဂါကင်းခြင်း

သတ္တ၀ါတို့ ကို သနားညှာတာ၍ ရှောင်ကြဉ်ခြင်း။

၃။

အဆင်းမလှခြင်း

ဒေါသခက်ထန်ခဲ့ခြင်း။

အဆင်းလှခြင်း

ခက်ထန် ဒေါသကင်းမဲ့ခြင်း။

၎။

အခြံအရံနည်းခြင်း

မနာလို၊ ငြူစူမှူရှိခဲ့ခြင်း။

အခြံအရံများခြင်း

မနာလို၊ ငြူစူမှူကို ရှောင်ကြဉ်ခြင်း။

၅။

စည်းစိမ်ဥစ္စာနည်းပါးခြင်း

ပေးလှူခြင်းကင်းမဲ့ခြင်း။

စည်းစိမ်ဥစ္စာပေါများခြင်း

ပေးလှူမှူများပြုခဲ့ခြင်း။

၆။

အမျိုးယုတ်၌ဖြစ်ရခြင်း

ထောင်လွှားသော မာန်မာနရှိခဲ့ခြင်း။

အမျိုးမြတ်၌ဖြစ်ရခြင်း

မာန်မာနကို ရှောင်ကြဉ်ခဲ့ခြင်း။

၇။

ပညာမဲ့ခြင်း

မေးမြန်း၊ ဆည်းပူး၊ ရှာဖွေမှူကင်းခဲ့ခြင်း။

ပညာရှိခြင်း

မေးမြန်း၊ ဆည်းပူး၊ ရှာဖွေမှူရှိခဲ့ခြင်း။


(၂၇) ဗုဒ္ဓဘာသာစာပေ (Buddhist Literature) အားဖြင့် ကံနှင့် ကံ၏အကျိုးကို လက်ခံယုံကြည် ရုံမျှဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဖြစ်ပြီလို့ မဆိုနိုင်သေးပါ။ အကြောင်းအကျိုးသဘောကို လက်ခံ ယုံကြည်တာဟာ အန္ဓ (အကန်း) ဗာလ (သူမိုက်) ပုထုဇဉ်အဖြစ်ကနေ ကလျာဏပုထုဇဉ် အဖြစ်သို့  ရောက်ရုံပဲ ရှိပါသေးတယ်။


(၂၈) ကံနှင့် ကံ၏အကျိုးကို (၀ါ) အကြောင်းအကျိုးကို မသိသော - လက်မခံသောသူသည် မကောင်းကံပြုလျင် မကောင်းကျိုး သက်ရောက်ခြင်း၊ ကောင်းကံပြုလျင် ကောင်းကျိုး သက်ရောက် ခြင်း တို့ ကို မသိ၊ မကြားဖူး၊ နားမလည် လက်မခံသည့် အတွက် ထိုသူဟာ မကောင်းတာ လုပ်ရမှာ ၀န်မလေး၊ လက်မနှေးတော့ပါ။ သတ်ရမှာ၊ ခိုးရမှာ၊ သူတပါးအိမ်ရာ ကို ကျူးလွန်ရမှာ၊ သေရည် သေရက် သောက်စားမူးယစ် ပျော်ပါးရမှာကို လက်မနှေးတော့ပါ။ အကုသိုလ်တရား ကို ရဲရဲတင်းတင်း လက်မရွံ့ တမ်းလုပ်ရဲပါတယ်။ ထိုကဲ့သို့ သောသူများကို (နိယတ မိစ္ဆာဒိဋ္ဌိ) ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။


(၂၉) နိယတ မိစ္ဆာဒိဋ္ဌိ ဆိုတာ မိစ္ဆာဒိဋ္ဌိကြမ်းကြီး (၃) မျိုးကို ပေါင်းစုပြီး တစ်နာမည် နှင့် ခေါ်ထားတာ ဖြစ်ပါတယ်။ စာပေ လာတာက - (၁) နတ္ထိက ဒိဋ္ဌိ၊ (၂) အကိရိယ ဒိဋ္ဌိ၊ (၃) အဟေတုက ဒိဋ္ဌိ ပါ။ ရှင်းပြ ထားပုံက - “နတ္ထိက ဒိဋ္ဌိ ၀ိပါကံ ပဋိဗာဟတိ” (နတ္ထိက ဒိဋ္ဌိ သည်အကျိုး (၀ါ) ၀ိပါက်ကို ပယ်ပါတယ်) ဖြစ်ပါတယ်။ ဘာလုပ်လုပ် ထိုလုပ်တဲ့ အတွက် ဘာအကျိုးမျှ မသက်ရောက်ဘူး။ ဒါက နိယတမိစ္ဆာ ဒိဋ္ဌိ ကြီးသုံးပါးထဲက ပထမဖြစ်တဲ့ နတ္ထိကမိစ္ဆာ ဒိဋ္ဌိဖြစ်ပါတယ်။ ဒုတိယ နိယတမိစ္ဆာ ဒိဋ္ဌိကတော့ (အကိရိယ မိစ္ဆာ ဒိဋ္ဌိ) ဖြစ်ပါတယ်။ ဒါကို စာပေအားဖြင့် ရှင်းပြထားတာက “အကိရိယ မိစ္ဆာဒိဋ္ဌိ ကမ္မံ ပဋိဗာဟတိ” (အကိရိယ မိစ္ဆာ ဒိဋ္ဌိ သည် ကံကို (၀ါ) အကြောင်းကို ပယ်မြစ်ပါတယ်) ဆိုလိုတာက ကံဆိုတာမရှိဘူး၊ ယခုပြုလုပ်တာဟာ အခြေအနေအရ ပြုလုပ်တာဖြစ်ပါတယ်။ ကောင်းတာပြုလုပ် လျင်လည်း အခြေအနေအရ ပြုလုပ်တာပါ။ ကုသိုလ်မမည်ပါဘူး။ မကောင်းတာပြုလုပ်လျင်လည်း အခြေနေအရ ပြုလုပ်တာ ဖြစ်တယ်။ အကုသိုလ်ကံ မမည်ပါဘူး။


(၃၀) ဒီ အကိရိယ မိစ္ဆာ ဒိဋ္ဌိ အယူက ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ မရှိဘူး၊ ကောင်းတာလုပ် တာဟာ ကုသိုလ်ကံ မမည်ဘူး၊ မကောင်းတာ လုပ်တာလည်း မကုသိုလ်ကံ မမည်ဘူး။ ဒါကြောင့် ဒီဒိဋ္ဌိ ကို “ ကံပယ်တဲ့ ဒိဋ္ဌိ (၀ါ) အကြောင်းကို ပယ်တဲ့ ဒိဋ္ဌိ” လို့ ရှင်းပြထားပါတယ်။


(၃၁) နောက်တတိယ နိယတ မိစ္ဆာဒိဋ္ဌိက (အဟေတုက မိစ္ဆာဒိဋ္ဌိ) ဖြစ်ပါတယ်။ စာပေက ဒီဒိဋ္ဌိကို ဒီလိုရှင်းပြထားပါတယ်။ “အဟေတုက ဒိဋ္ဌိ ဥဘယမ္ပိ ပဋိဗာဟတိ” (အဟေတုက ဒိဋ္ဌိသည် ဥဘယမ္ပိ နှစ်ပါးစုံ၊ အကျိုးကော အကြောင်းကော ပယ်၏) လို့ ရှင်းပြပါတယ်။ ဒီ အဟေတုက ဒိဋ္ဌိက အထက်က ဒိဋ္ဌိနှစ်ပါးကို ပေါင်းယူထားတဲ့ ဒိဋ္ဌိဖြစ်ပါတယ်။


(၃၂) ဒါကြောင့် အကြောင်းအကျိုး (၀ါ) ကံ၊ ကံ၏အကျိုးကို ယုံကြည်ရုံ နှင့် နိယာတ မိစ္ဆာဒိဋ္ဌိကို ပယ်ရုံသာရှိပါသေးတယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ အဆင့်ထိ ပီပီပြင်ပြင် မရောက်သေးပါ။ ဘာဖြစ် လို့ လဲဆိုရင် “သမ္မာဒိဋ္ဌိ” ဆိုတဲ့ပုဒ်ပါလျင် အလယ်အလတ်ဖြစ်ရပါမယ်။ ဘုရားရှင်ရဲ့ ဆုံးမတော်မူချက် က (သမ္မာဒိဋ္ဌိ) ဆိုလျင် အစွန်းမငြိရဘူး၊ အလယ်လမ်းပဲ ဖြစ်ရမှာပါ။


(၃၃) ဒီနေရာမှာ မေးစရာရှိတာက ကံ၊ ကံ၏အကျိုးကို ယုံကြည်လျင် အစွန်းက ဘယ်လိုငြိနိုင်သလဲ လို့ မေးစရာရှိပါတယ်။ ငြိနိုင်ပါတယ်။ ငြိနိုင်ပုံက ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ နေရာမှာ ကံဆိုလျင် အတိတ်ကပြုခဲ့တဲ့ကံကိုပဲ နားလည်ကြလေ့ရှိပါတယ်။ (ပစ္စုပ္ပန်လုပ် နေတာကိုလဲ ကံလို့ ခေါ်တယ် ဆိုတာ သတိမပြုမိကြပါ။) ဒါကြောင့် ယခု ပစ္စပ္ပန်မှာဖြစ်နေတဲ့ ချမ်းသာခြင်း၊ဆင်းရဲခြင်း ဟူသမျှတို့  သည် အတိတ်ကပြုလုပ်ခဲ့တဲ့ ကံကြောင့်သာအားလုံး ဖြစ်တယ်။ အတိတ်ကုသိုလ်ကံ ရှိခဲ့လျင် ယခု ဘ၀ချမ်းသာမှာပဲ၊ အတိတ်ကုသိုလ်ကံ မရှိခဲ့လျင် ယခု ဘ၀မွဲမှာပဲ၊ ဆင်းရဲမှာပဲ လို့ အတိတ်ကံ အကြောင်းအရင်းတစ်ခုတည်းသာ ကိုင်ပြီး ခံယူထားတဲ့ အယူဖြစ်တဲ့အတွက် အလယ်အလတ် အယူအမြင် မဟုတ်ပါဘူး။ အတိတ်အစွန်းပေါ်မှာ တစ်ဖက်စောင်းနင်းဆုပ်ကိုင် ထားတဲ့ အယူအမြင် ဖြစ်နေပါတယ်။ ဘုရားရှင်က ဒီလိုအတိတ်ကံကို တစ်ဘက်စောင်းနင်းဆုပ်ကိုင် ထားတဲ့ အယူအမြင် မျိုးကို (ပုဗ္ဗေကတ ဟေတု မိစ္ဆာဒိဋ္ဌိ) လို့ အမည်တတ်ပြီး ပယ်တော်မူပါတယ်။ ကြောင်းကျိုးတော့ လက်ခံပါရဲ့ ၊ ဒါပေမဲ့ လက်ခံပုံက အတိတ်ကံပေါ်မှာ အပြစ်ပုံချတဲ့ တစ်ဖက်စောင်းနင်း အယူအမြင် ဖြစ်နေတဲ့အတွက် ကံ၊ ကံ၏အကျိုးကို ယုံကြည်သော်လည်း အစွန်းမလွတ်သေးပါ။ အလယ်အလတ် အမြင် သမ္မာဒိဋ္ဌိ မဟုတ်သေးပါ။


(၃၄) ဒီပုဗ္ဗေကတ ဟေတုမိစ္ဆာဒိဋ္ဌိ အမြင်အယူမျိုးဟာ ဘယ်လို အန္တရာယ် ရှိနိုင်သလဲ ဆိုရင် - “အတိတ်ကံကောင်းလျင် ဒူးနှံပြီးတော့ သာစံပေတော့၊ ယခုပစ္စုပ္ပန်မှာ ဘာမျှကြိုးစားဖို့  မလို။ အတိတ်ကံ မကောင်းလျင် ခါးစည်းသာခံပေတော့၊ ဘာမျှသွားမလုပ်နှင့်၊ မကြိုးစားနဲ့  အတိတ်ကံ မကောင်းနေမှတော့ ဘာလုပ်လုပ်တိုးတက်မှာ မဟုတ်ဘူး” ဆိုတဲ့ အယူအမြင်ခံ ယူချက်ထဲ သို့ ကျ သွားနိုင်တဲ့ အန္တရာယ်ရှိတယ်။ ဒီပုဗ္ဗေကတ ဟေတုဒိဋ္ဌိ အယူရှိသူဟာ ပစ္စုပ္ပန်ကံဖြစ်တဲ့ ဥာဏ်နဲ့  ဝီရိယ ကို ထည့်မစဉ်းစားဘူး၊ ယခု စိုက်ထုတ်တဲ့ ဥာဏ်နဲ့ ဝီရိယဟာလဲ ကံဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံပါ။ အတိတ် ကံလည်းပြည့်စုံလုံလောက် ပါမှ ပြည့်စုံလုံလောက်တဲ့ အကျိုးတရားတစ်ခုဖြစ်လာပါတယ်။


(၃၅) နောက်ကံ၊ ကံ၏အကျိုးနှင့်ပတ်သက်တဲ့ တစ်ဖက်စွန်း အယူတစ်မျိုးရှိပါသေးတယ်။ သူကလည်း ကံ၊ ကံ၏အကျိုးကို ယုံကြည် ပါတယ်။ ဒါပေမယ့် အတိတ်ကံကိုလုံးဝပစ်ပယ်ပြီး ပစ္စုပ္ပန်ကံ (ဥာဏ်နှင့်ဝီရိယ) ကိုပဲလက်ခံထားတယ်။ အတိတ်ကံကိုပယ်ပြီး ပစ္စုပ္ပန်ကံကိုသာ ဆုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီလိုမြင်၊ ဒီလိုယူဆတဲ့အယူအမြင်မျိုးကို “အဟေတုက မိစ္ဆာဒိဋ္ဌိ” ဆိုပြီး ပယ်တော်မူပါတယ်။


(၃၆) အတိတ်အကြောင်းကံနှင့် ကံ၏အကျိုးကိုလည်း မြင်ရမှာပါ။ လက်ခံရမှာပါ။ ပစ္စုပ္ပန်အကြောင်းကံ (ဥာဏ်နှင့်ဝီရိယ) နှင့် ၎င်းကံ၏အကျိုးကိုလည်း မြင်ရမှာပါ။ လက်ခံရမှာပါ။ ဒီလိုမြင်နိုင်ယူနိုင်မှသာ ကံနှင့်ကံ၏အကျိုးကိုသာ အစွန်းနှစ်ပါးမငြိဘဲ အလယ်အလတ်အမြင် သမ္မာဒိဋ္ဌိဖြစ်နိုင်ပါတယ်။ ဤကဲ့သို့မြင်နိုင်ယူနိုင်ပြီဆိုလျှင် ကမ္မဿကတသမ္မာဒိဋ္ဌိ ဥာဏ်နယ်ပယ်ထဲကို ၀င်လာပါပြီ။


(၃၇) အကြောင်း (ကံ) နှင့်အကျိုး (၀ိပါက်) ကိုလက်ခံသည့်အတွက် ကံသည်သာ မိမိတကယ် အားကိုးရမည့် ကိုယ်ပိုင်ဥစ္စာ ဖြစ်တယ်ဆိုတဲ့ အယူ (ကမ္မဿကတာ) မှာသာသယ်ဝင်ယုံသာမကဘဲ အစွန်းနှစ်ပါးမှ လွတ်တဲ့ အကြောင်း-ကျိုးအမြင်ပါ၊ ပါလာတဲ့အတွက် “ကမ္မဿကတာသမ္မာဒိဋ္ဌိဥာဏ်“ ဆိုတဲ့ အခြေခံကျတဲ့ အလယ်လမ်းပေါ်မှာ ရောက်နေပါပြီ။


(၃၈) အကြောင်းအကျိုး (တနည်း) ကံ၊ ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူဟာ မကောင်းမှုကို ရှောင်တဲ့ (ဝါရိတ္တသီလ) အကျင့်နှင့် ကောင်းမှုကို ဆောင်တဲ့ (စာရိတ္တသီလ) အကျင့် စရဏနယ် ထဲသို့ ဝင်ရောက်လာပါပြီ။ ဒီ ဝါရိတ္တသီလ နှင့် စာရိတ္တသီလတို့ ဟာ တရားလုပ်ငန်းကြီးတစ်ခုလုံးမှာ အရင်း ကျဆုံးဖြစ်တဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီအုတ်မြစ်မျိုးကို ခံပြီးမှ မြတ်စွာဘုရားရှင်က သတိပဋ္ဌာန် လေးပါးကို ပွားများဖို့ ဆုံးမ ညွှန်ကြားတော်မူပါတယ်။


(၃၉) မဟာဝဂ္ဂသံယုတ်ပါဠိတော် (မြန်မာပြန်) စာမျက်နှာ (၁၂၈) “ဘိက္ခုယုတ်” ၊မဟာဝဂ္ဂသံယုတ် (မြန်မာပြန်) စာမျက်နှာ (၁၄၈) “ဗာဟိယသုတ်“ ၊မဟာဝဂ္ဂသံယုတ် (မြန်မာပြန်) စာမျက်နှာ (၁၄၉) “ဥတ္တိယသုတ်“ တို့ မှာ ဘုရားရှင်ကိုယ်တော်တိုင်က တရား(ဝါ) သတိပဌာန်တရား အားမထုတ်မီ သီလကို အမွှန်းတင်ဦးစားပေး ဟောတော်မူပုံကို ဒီသုတ္တန် (၃) ပုဒ်စလုံးမှာ ထပ်တူထပ်မျှဟောတော်မူ ထားတာကို အကျဉ်းမျှတင်ပြပါမည်။ အဆိုပါ ပုဂ္ဂိုလ်သုံးဦးတို့ က ဘုရားရှင်ထံ အသီးသီးတစ်ချိန်စီ တစ်ကာလစီ လျှောက်ထားတောင်းပန် ကြသည်မှာ “အရှင်ဘုရား … တောင်းပန်ပါ၏။ တပည့်တော် အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ။ တပည့်တော်သည် မြတ်စွာဘုရား ၏ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့  ကပ်လျက်၊ မမေ့မလျော့ လုံ့ လထုတ်ကာ၊ နိဗ္ဗန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏“ ဟု လျှောက်ထား၏။ (ရဟန်းသုံးပါး စလုံးပင် ဤအတိုင်းလျှောက်ကြကုန်၏)။ ဘုရားရှင်က ရဟန်းသုံးပါး စလုံးကိုပင် အောက်ပါအတိုင်း အဖြေထပ်တူထပ်မျှကို ပေးသနားဆုံးမတော်မူ၏။ “ရဟန်းတို့ ……… သို့ ဖြစ်လျင် သင်သည် ကုသိုလ်တရားတို့ ၌ အစကိုပင် သုတ်သင်လော့ ၊ ကုသိုလ်တရားတို့ ၏ အစကား..အဘယ်နည်း၊ ..ကောင်းစွာစင်ကြယ်သော သီလ နှင့် ဖြောင့်မှန်သော အယူပင်တည်း။ ရဟန်း…. အကြင်ခါ သင့်အား သီလသည်လည်း စင်ကြယ်ပေလိမ့်မည်။ အယူသည်လည်း ဖြောင့်မတ် ပေလိမ့်မည်၊ ရဟန်း … ထိုအခါ သင်သည် သီလကိုမှီ၍ ၊ သီလ၌တည်၍ သတိပဌာန်လေးပါးတို့ ကို ပွားများလေလော့ …“ ဟုဆုံးမတော်မူ၏။


(၄၀) တရားအားထုတ်ပွားများရန် ဘုရားရှင်ထံ တောင်းပန် လျှောက်ထားတဲ့အခါ ဘုရားရှင်က သတိပဌာန်လေးပါးကို တိုက်ရိုက်ဟောတော် မမူသေးဘဲ အရင်ဆုံး ကောင်းစွာစင်ကြယ် သော သီလ နှင့် ဖြောင့်မှန်သော အယူရှိရမယ် လို့  မိန့် တော်မူပါတယ်။ ဖြောင့်မှန်သော အယူဆိုတာ အစွန်းမငြိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ်ဖြစ်ပါတယ်။ စင်ကြယ်သော သီလဆိုတာ ဝါရိတ္တသီလ နှင့် စာရိတ္တသီလ တို့ ဖြစ်ကြပါတယ်။


(၄၁) ကံ၊ ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်လက်ခံသူဟာ မကောင်းကြောင်း (ကံ) ပြုလျင် မကောင်းကျိုး (ဝိပါက်) ပေးတယ်ဆိုတာကို မမှိတ်မသုန် ယုံကြည်ပါတယ်။ ဒါကြောင့် ထိုသူဟာ မကောင်းတာကို သူစွမ်းအားရှိသလောက် ရှောင်ပြီး ကောင်းတာကို စွမ်းအားရှိသလောက် ဆောင်မှာ (ဝါ) ဆောင်ရွက်မှာ ဖြစ်ပါတယ်။


(၄၂) ဝစီဒုစရိုက်နှင့် ဝစီသုစရိုက်ကို ဥပမာဆောင်၍ တင်ပြပါဦးမယ်။

(၁)မုသာဝါဒ

(၂) ပိဿုနဝါစာ

(၃) သမ္ဖပ္ပလာပဝါစာ

(၄) ဖရုဿဝါစာ တို့ ဟာ ကံ၊ ကံ၏အကျိုးကို မမှိတ်မသုန် သက်ဝင် ယုံကြည်သူဟာ၊ ဒီဝစီဒုစရိုက် လေးပါးကို ရှောင်ကြဉ်ပါတော့မယ်။ ဘယ်လောက်ပဲ အခြေအနေ အခွင့်အရေးတွေ ပေးနေ၊ ပေးနေ၊ ဒီ ဝစီဒုစရိုက်တို့ ကို မကျူးလွန်မိအောင် ရှောင်ကြဉ်မှာ ဖြစ်ပါတယ်။ စောင့်စည်းမှာ ဖြစ်ပါတယ်။ ဝါရိတ္တသီလကို ဆောက်တည်မှာ ဖြစ်ပါတယ်။ ဒီ ဒုစရိုက်တွေကို ကျူးလွန် ဖို့ အခြေအနေတွေပေးနေပေမယ့်၊ ဘယ်လောက်ပဲ စိတ်က ကျူးလွန်ချင် ပေမယ့်၊ ရေစုံမျှော မလိုက် ဘဲ၊ တမင်တကာ အားထုတ်စောင့်စည်းပြီး၊ မကျူးလွန်ဖြစ်အောင် စောင့်စည်းလိုက်တယ်။ ဝါရိတ္တသီလ ဆိုတာ တမင်တကာ အားထုတ်ရတဲ့ စရဏလုပ်ငန်းပါ။ လုပ်ဖြစ်အောင် လုပ်ရမည့် လုပ်ငန်းဖြစ် ပါတယ်။


(၄၃) နောက် ဥပမာတစ်ခုက မိမိစားမယ့် အစားအစာတွေပေါ်မှာ ပရွက်ဆိတ် တွေတက်နေတယ် ဆိုပါတော့။ စိတ်ကလဲ မကျေမနပ်ဖြစ်နေတယ်။ အလွယ်ဆုံးနည်းက ဒီပရွက်ဆိတ် တွေ သေသေ ရှင်ရှင် လက်နှင့်ပဲ ဖြစ်ဖြစ်၊ အဝတ်နှင့်ပဲ ဖြစ်ဖြစ် ပွတ်တိုက်ကြိတ်ချေ ဖယ်ရှားပစ်တာဟာ အလွယ်ဆုံး၊ မပင်ပမ်းတဲ့နည်းပါ။ ဒါပေမယ့် ဒီနေရာမှာ ဝါရိတ္တသီလ ဆောက်တည်တယ်ဆိုတာက ဘယ်လောက်ပဲ သတ်ချင်စိတ်ဖြစ်ဖြစ်၊ ပရွက်ဆိတ်သတ်လို့ လဲ သာမာန်လူက ဝေဖန်မှာ မဟုတ် သတ်ဖို့ အခြေအနေ ကလဲ ပေးနေတယ်၊ ဒါပေမယ့် မသတ်ဘူး၊ သတ်ချင်တဲ့စိတ် ရေစုံမျောတဲ့ နောက်မလိုက်တော့ဘဲ တမင်တကာ ဆန်တက် ဆန့် ကျင်လိုက်တယ်။ ဘေးလူသိပြီး ကဲ့ရဲ့ မှာ စိုးရိမ်လို့ မသတ်တာ မဟုတ်ဘဲ ကံ၊ ကံ၏အကျိုးကို ယုံကြည်လို့ “အတွေ့ “ မှာ စောင့်စည်းနိုင်တာကို (ဝါရိတ္တသီလ) လို့  ခေါ်ပါတယ်။ ကျူးလွန်ဖို့ ရန် အခြေအနေ မပေးလို့ မကျူးလွန်တာ မဟုတ်ဘဲ ကျူးလွန်ဖို့ ရန် အခြေအနေ ပေးနေပါလျက် မကျူးလွန်မိအောင် စောင့်ထိမ်းရတာ၊ ရှောင်ရတာကို ဝါရိတ္တသီလ လို့  ခေါ်ပါတယ်။ စာရိတ္တသီလ ကိုလဲ အထက်ကတင်ပြတာတွေကို ပြောင်းပြန်ထား နားလည်သဘော ပေါက်ပါ။


(၄၄) များသောအားဖြင့် ဖြစ်တတ်တာက တစ်ဖက်သားကို ကဲ့ရဲ့အပြစ်ပြောတဲ့ နေရာမှာ ကျူးလွန် တတ်တာများ ပါတယ်။ တစ်ဖက်သား ဘယ်လောက်ပဲ နစ်နာ၊ နစ်နာ အပြစ်အနာအဆာ တွေကို အနှစ်အသား ယူပြီး ဖေါ်ထုတ်၊ ပြောဆို၊ ဝေဖန်တာတွေကိုလည်း တွေ့ ရပါတယ်၊ စကားဝိုင်းဖွဲ့  ပြောတဲ့ နေရာမှာ ဒီ ပုဂ္ဂိုလ်ကို အများကဝိုင်းပြီး ဝေဖန်၊ အပြစ်အနာအဆာ တွေဖေါ်ထုတ် ပြောဆို နေတဲ့ အခါ အများက ဒီလိုပြောနေတော့ ဒီပုဂ္ဂိုလ်ရဲ့ မကောင်းကြောင်းကို မိမိဝင်ပြောဖို့ ရန် အခြေ အနေပေးနေပြီ။ မိမိက ဝင်ပြီး ပြောလို့ လဲ ဘေးလူက အပြစ်မတင်ပါ။ ဒီလို ဝစီဒုစရိုက်ကျူးလွန် ဖို့ ရန် အခြေအနေတွေပေး နေတဲ့ အချိန်မှာ များသောအားဖြင့် မိမိကပါ စကားရေစီးကြောင်းထဲ မျောပါသွား တတ်ပါတယ်။ ဝါရိတ္တသီလ ဆိုတာ ဒီလိုအချိန်မျိုးမှာ ဆောက်တည်ရမှာပါ။ များသောအားဖြင့် စောင့်စည်း ရှောင်ကြဉ်ကို အားမထုတ်ဘဲ ရေစုန်စီးကြောင်းထဲ မျောပါသွားတာများပါတယ်။ ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ ဆိုတဲ့ ဒုစရိုက်ကံ အရာတွေမှာလဲ ဒီအတိုင်းပါပဲ။ ဘယ်သူမျှ မသိဘူးထင်လျင် ဒီကံသုံးပါးကို ကျူးလွန်တတ်ပါတယ်။ ကာမေသု မိစ္ဆာစာရ ဒုစရိုက် ကံကျတော့ ဘယ်သူမျှ မသိဘူးထင်လျင်၊ တစ်ဖက်က သဘောတူ စိတ်ပါနေလျင် ကျူးလွန်မိတတ် ပါတယ်။ ယခု ဇောက်ချ တင်ပြလိုတာက ဘယ်လောက်ပဲ ကျူးလွန်ဖို့  အခြေအနေပေးနေ၊ ပေးနေ - ဝါရိတ္တသီလဆိုတာ ကျူးလွန်လိုတဲ့ စိတ်ကို ဆန့် ကျင်ဖီလာ လုပ်တဲ့စိတ်ရဲ့ အားထုတ်မှုကို သဒ္ဓါရှိရှိ ဝီရိယရှိရှိ၊ သမာဓိရှိရှိ၊ ပညာရှိရှိ၊ အားထုတ် ဆောက်တည်ခြင်းကို ဝါရိတ္တသီလ ဆောက်တည်အား ထုတ်တယ်လို့ ခေါ်ပါတယ်။ ဒီလို ဆောက်တည်တဲ့ အားထုတ်မှုအကျင့် (စရဏ) ဟာ မျက်ကန်းတော တိုးပြုလုပ်တာ မဟုတ်ဘဲ၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ်၊ ကို မှီပြီးမှဖြစ် ပေါ်လာတဲ့ အကျင့်စရဏ ဖြစ်တဲ့အတွက် ဥာဏ်ယှဉ်တဲ့ ဥာဏသမ္ပယုတ် အကျင့်ဖြစ် နေတဲ့ အတွက် “မဟာကုသိုလ် ဥာဏသမ္ပယုတ်“ စိတ်ဖြစ်နေပါတယ်။


(၄၅) ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် နှင့် ပတ်သက်လို့ ယခုဒီစာကို ရေးနေသူ၏ အမြင်ကို တင်ပြချင်ပါသေးတယ်။ ယခု တင်ပြမှာက ဘုရားရှင်ဟောတော်မူတဲ့ သုတ္တန်ဒေသနာတွေကို လေ့လာ ဖတ်ရှူပြီး၊ စာရေးသူ၏ ကိုယ်ပိုင် ကောက်ချက်သာ ဖြစ်ပါတယ်။ တရားနယ်ပယ် ကို အစပြုပြီး ဝင်လာတဲ့ အခါမှာ နားနှင့်မဆန့် အောင် ကြားခဲ့ရတာက ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် ဆိုတာ ဘုရားမပွင့်ခင်ကလဲရှိတယ်။ ယခုမှမရှိတာ မဟုတ်ဘူး၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတာ ကံလမ်း၊ ဥာဏ်လမ်း မဟုတ်ဘူး၊ ဘုရားက ကံလမ်းကို အားမပေးဘူး၊ ဥာဏ်လမ်းကို သာ အားပေးတာ၊ ဒါ ကြောင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ်ကို ဦးစားပေးပြီး အချိန်ကုန်ခံဖို့  မလိုဘူးလို့ နားနှင့် မဆန့်  အောင်ကြားခဲ့ရပါတယ်။ အစကတော့ လက်ခံမိပါတယ်။ ဒါပေမယ့် ဆရာသူတော်ကောင်း တို့ ကို ဆည်းကပ်မိတဲ့အတွက် ခံယူချက် ပြောင်းသွားပါတယ်။


(၄၆) ဆရာသူတော်ကောင်းတွေ ဆုံးမတိုကတွန်း ညွှန်ကြားတဲ့ အတွက် ပိဋကတ်တော် မြန်မာပြန် သုတ္တန်တရားတော်ကို အလေးဂရုပြုပြီး ဖတ်ရှုလေ့လာလိုက်တဲ့ အခါ စဉ်းစားစရာ တွေထွက်ပေါ်လာ ပါတယ်။ ဘယ်လိုစဉ်းစား မိသလဲဆိုတော့ ကမ္မဿကတာ သမ္မဒိဋ္ဌိဥာဏ်ဆိုတာ သာသနာပ ကာလ မှာရှိတယ်ဆိုတဲ့ စကားမှာ သာသနာပ ကာလမှာရှိနိုင်သလား၊ ဘုရားပွင့်တော်မူပြီးမှ ဘုရားသာသနာ အတွင်းမှာသာရှိ နိုင်သလားလို့ - စဉ်းစားကြည့်လိုက်တော့ သမ္မာဒိဋ္ဌိဥာဏ်ဆိုတာ သာသနာပမှာ မရှိ နိုင်၊ သာသနာတွင်း စကားသာ ဖြစ်နိုင်သည် ဆိုတဲ့ အဖြေရလာပါတယ်။ (သာသနာတွင်းမှာသာရှိ နိုင်၏။)


(၄၇) ဒါလောက်နှင့် ရပ်မနေဘဲ ဆရာသူတော်ကောင်း (သပ္ပူရိသ) တွေညွှန်ကြားတိုက်တွန်း တဲ့ အတိုင်း သုတ္တန်ဒေသနာတော် တွေကို ဖတ်ရှုလေ့လာလိုက်တဲ့ အခါ ပရိဗိုဇ်တို့ ဟာ ကံနှင့်ကံ၏ အကျိုးကို ယုံကြည်ကြတာကို တွေ့ ရပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ ကံနှင့်ကံ၏ အကျိုးပေါ်မှာ မြင်ခြင်း ယူခြင်းဟာ သမ္မာဒိဋ္ဌိ မထိုက်တာကိုလာတွေ့ ရပါတယ်။


(၄၈) အချို့ သော သာသနာပ ပရဗိုဇ်တွေဟာ မကောင်းကံပြုလျင် မကောင်းကျိုးသက်ရောက်တယ် ၊ ကောင်းကံပြုလျင် ကောင်းကျိုးသက်ရောက်တယ်ဆိုတာ လက်ခံယုံကြည်ကြ ပါတယ်။ အကြောင်း အကျိုးကို လက်ခံကြပါတယ်။ ဒါပေမယ့် သူတို့ လက်ခံပုံ လက်ခံနည်းက ထာဝရတန်ခိုးရှင် ဖန်ဆင်းရှင်ကြီးကို နောက်ခံထား လက်ခံယုံကြည် နေကြတဲ့အတွက် ဘုရားရှင်ဆုံးမတော်မူတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ် နှင် တခြားစီဖြစ်နေပါတယ်။ သူတို့ လက်ခံပုံက မကောင်းကံကြောင့် မကောင်းကျိုး ဖြစ်တယ်ဆိုတာ တူမလိုလိုနှင့် ကံကို ထာဝရဖြစ်တဲ့ အနန္တတန်ခိုးရှင်ကြီးက မကြိုက်တဲ့ အတွက် ထိုသူကို ဒဏ်ခတ်သည့် အနေနှင့် မကောင်းကြိုးကို ဖြစ်စေ၏။ ဒီလိုမြင် ဒီလိုယူတဲ့ အယူဟာ သမ္မာဒိဋ္ဌိ အမြင်အယူမျိုး မဟုတ် - (ဣဿရ နိမ္မာန မိစ္ဆာဒိဋ္ဌိ) အမြင်အယူမျိုး ဖြစ်သည့် အတွက် အကြောင်းအကျိုး (၀ါ) ကံ၊ ကံ၏အကျိုးကို လက်ခံယုံကြည် သော်လည်း သမ္မာဒိဋ္ဌိ အမြင်အယူ မဟုတ် မိစ္ဆာဒိဋ္ဌိ အမြင်အယူ ထဲ ကျရောက်နေပါတယ်။


(၄၉) နောက် - အချို့ သော ပရဗိုဇ်များ ရှိပါသေးတယ်။ ၎င်းတို့ က ဈာန်သမာပတ် အဘိညာန် တွေရတယ်။ တစ်သက်လုံး ကောင်းတာ လုပ်တဲ့ သူတွေကို ၎င်းတို့ မြင်တယ်။ ထိုသူတွေ တစ်သက်လုံး ကောင်းတာတွေ လုပ်ပြီး သေတဲ့ အခါ ထိုပရဗိုဇ်တွေက သူတို့ ရရှိထားတဲ့ ဒိဗ္ဗစက္ခု အဘိညာန်နှင့် ကြည့် တဲ့အခါ အချို့ နတ်ဘုံသို့  ရောက်နေကြတာကို တွေ့ ရတယ်။ ဒီလို တွေ့ ရတော့ ထိုပရဗိုဇ် တွေက ဘယ်လိုပြောသလဲ ဆိုလျင် “အချင်းတို့ - ကံ၊ ကံ၏အကျိုး ဆိုတာ မှန်ပေတယ်၊ ယခု ဤတစ်သက်လုံး ကောင်းတာတွေ လုပ်ခဲ့သူ၊ သေသွားတဲ့အခါ နတ်ပြည်ရောက်တာကို ငါကိုယ် တိုင် ဒိဗ္ဗစက္ခုဥာဏ် ဖြင့်မြင်ရ၏“ ။ ထိုအခါ ဘုရားရှင်က ကောင်းတာတစ်သက်လုံးပြုတဲ့ သူနတ်ပြည် ရောက်တယ် ဆိုတာ လက်ခံတယ်၊ ခွင့်ပြုတယ်တော်မူပါတယ်။ ဒါပေမယ့် ဒီပရဗိုဇ်က မြင်တာကို မြင်တဲ့အတိုင်း ပြောရုံသာမကဘဲ ကောက်ချက်ချလိုကသေးတာက “…ဒါကြောင့် ကောင်းတာပြုသူ အားလုံးတို့ ဟာ သေလျင် နတ်ပြည်သို့ အားလုံးရောက်ကြ၏“ လို့ ကောက်ချက်ချပါတယ်။ ဒါကို ဘုရားရှင်က “ငါ ခွင့်မပြု“ လို့ ပယ်မြစ်တော်မူပါတယ်။ သေခါနီး အာသန္နကံကို မျက်ကွယ်ပြု ကျောခိုင်းပြီး ဝါးလုံးသိမ်း ကောက်ချက်ချတာကို ဘုရားက လက်မခံ၊ ခွင့်မပြုပါ၊ အစွန်းတွေ ငြိနေပါ တယ်။ ဒါကြောင့် သမ္မာဒိဋ္ဌိ မဖြစ်နိုင်ပါ။ နောက်ပြီးတော့ ဘုရားရှင် မိန့် ဆိုသေးတာက ဒီကံနှင့် ကံ၏ အကျိုးအရာဟာ ဘုရားရှင်တို့ ရဲ့ အရာသာဖြစ်တယ်၊ သဗ္ဗညုတဥာဏ်တော် အရာသာဖြစ်တယ်။ သာဝက ဥာဏ်အရာမဟုတ်။ (ကမ္မဝိပါက အစိန္တယော) လို့ မိန့် တော်မူပါတယ်။


(၅၀) ဒီနေရာမှာ နားလည်သဘောပေါက်ရမှာက တစ်သက်လုံးကောင်းတာတွေ လုပ်ပြီး သေတဲ့အခါ ဧကန်မုချ နတ်ပြည်ရောက်လိမ့်မယ် ဆိုတဲ့အယူကို ဘုရားရှင် ခွင့်မပြုဘူးဆိုတာ တစ်ချက်။


(၅၁) နောက်တစ်ချက် အချို့ ပရဗိုဇ်တွေကျတော့ တစ်သက်လုံး ကောင်းကံကုသိုလ်လုပ်ခဲ့တဲ့သူ သေတော့ ငရဲပြည်သို့ ကျရောက်တာကို ဒိဗ္ဗစက္ခုအဘိဥာဏ်ဖြင့်မြင်တယ်။ မြင်တဲ့အတိုင်း ပြောတာကို ဘုရားရှင်က ခွင့်ပြုတယ်။ ဒါပေမယ့် ဒီပရဗိုဇ်ကောက်ချက်ချတာက “အချင်းတို့ ကံနှင့် ကံ၏အကျိုးဆို တာ မဟုတ်နိုင်၊ ယခု ငါသည် တစ်သက်လုံးကောင်းကံလုပ်ခဲ့သူ သေတဲ့အခါ ငရဲပြည်သို့ ကျတာကို ဒိဗ္ဗစက္ခုအဘိဥာဏ်ဖြင့် ကိုယ်တိုင်မြင်ရတယ်။ “(သူကိုယ်တိုင် ဒိဗ္ဗစက္ခုအဘိဥာဏ်ဖြင့် မြင်တာကို ဘုရားရှင်က ခွင့်ပြုတယ်)“ ဒါပေမယ့် ကံနှင့်ကံ၏အကျိုးဆိုတာမရှိ၊ တစ်သက်လုံး ကောင်းတာလုပ်သူ အားလုံးတို့ သည် သေလွန်ပြီးနောက် ငရဲပြည်သို့ ရောက်ကြသည်ဆိုတာကို ဘုရားရှင် ခွင့်ပြုတော် မမူ။ ကံနှင့်ကံ၏အကျိုးမရှိဆိုတဲ့ စကားကို ပယ်တော်မူပြီး ဝါးလုံးသိမ်း ထင်မိထင်ရာ ကောက်ချက်ချ တာကို ဘုရားရှင် ခွင့်မပြု၊ ပယ်တော်မူပါတယ်။


(၅၂) ယခုတင်ပြနေတဲ့ အကြောင်းအရာတွေကို အသေးစိတ်သိလိုလျင် ဥပရိပဏ္ဏာသ ပါဠိတော် “မဟာကမ္မ ဝိဘင်္ဂသုတ်“ (မြန်မာပြန်) စာမျက်နှာ (၂၅၂) မှာကြည့်ပါ။ ဒီသုတ္တန်ကို အလေးပြုပြီး အသေးစိတ်ဖတ်လျင် ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ ဘုရားရှင် ပွင့်တော်မူမှရှိလာတဲ့ တရားဖြစ် ကြောင်း၊ သာသနာပမှာ မရှိနိင်ကြောင်းဆိုတာ ထင်ရှားသိသာလာမှာ ဖြစ်ပါတယ်။


(၅၃) တရားတော်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာလေလေ၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ်ကြီးကို ပေါ့ပေါ့ တန်တန် သဘောမထားသင့်လေ ဆိုတာပို၍ သိသာထင်ရှားလာပါတယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိဥာဏ်ဆိုတာ မဂ်ဥာဏ်ဖိုလ်ဥာဏ်သို့ ဆိုက်ရောက်ဖို့ ရန် အခြေခံတရားဖြစ်ပါတယ်။ ဒါကြောင့် လဲ မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘုရားရှင်က “ဖြောင့်မှန်သော အယူနှင့် ကောင်းစွာစင်ကြယ်သော သီလကိုမှီ၍၊ သီလ၌တည်၍ သတိပဌာန်ကို ပွားများလေ့လာ“ လို့  ဗာဟီရရဟန်းနှင့် ဥတ္တိယရဟန်းတို့  ကို ညွှန်ကြားဆုံးမတော်မူတာပါ။

(ကံနှင့်ကံ၏အကျိုး - ပထမပိုင်း - ဤတွင်ပြီး၏)

ဦးဝင်းဖေ (မန္တလေး)

၂၉ - ၅ - ၁၉၉၄


စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ

စေတယိတွာ ကမ္မံ ကရောတိ

ကာယေန ဝါစာယ မနုဿ။

(ဆက္ကနိပါတ် - အင်္ဂုတ္ထိုရ် ပါဠိတော်)

စေတနာကို ကံဟု ငါဘုရားဟော၏။

ယင်း စေတနာ၏ စေ့ဆော်စီရင်မှူ

ဖြင့် ကိုယ်နှုတ်တို့ လှုပ်ရှား ပြောဆိုခြင်း

အမှူတို့ ကိုပြု၏။



No comments:

Post a Comment